စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီကစပြီး စစ်ကောင်စီတပ်က စစ်ကားအစီးရေ ၂၀ လောက်နဲ့ ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မီးရှို့ဖျက်ဆီးပြီး ရွာသားအချို့ကို ဖမ်းဆီးထားတာကြောင့် ရွာသားအားလုံး ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာအတွင်းကနေ ထွက်ပြေးလာသူကျေးရွာသားတစ်ဦးက “ညနေပိုင်းလောက်က စစ်ကားတွေနဲ့ တဖက်၊ တောလမ်းခြေလျင်အဖွဲ့က တဖက် နှစ်ဖွဲ့ ခွဲဝင်လာတယ်။ သူတို့ဝင်လာတော့ ရွာသားတွေလည်း ရုတ်တရက် ထွက်ပြေးရတယ်။ အချို့လည်း ဖမ်းဆီးခံထားရတယ်။ ဘယ်နှယောက် ဖမ်းဆီးခံရတယ်လို့တော့ ကျနော်တို့ အတိအကျမပြောနိုင်ဘူးဗျ။ အဖမ်းဆီးခံရတာ များတယ်လို့တော့ သတင်းတွေ ထွက်နေတယ်။ အခုလည်း ရွာထဲကနေ သေနတ်ပစ်သံတွေ ကြားနေရတယ်ဗျ။ ရွာထဲကနေလည်း မီးခိုးတွေ ထွက်နေတယ်။ ဘာတွေ ဖျက်ဆီး မီးရှို့နေတယ် မသိဘူး” လို့ ပြောပါတယ်။
လယ်ဇင်ကျေးရွာ ဒေသခံတွေဟာ မိရိုးဖလာတောင်သူလုပ်ငန်း၊ ကွမ်းခြံလုပ်ငန်းတွေကို လုပ်ကိုင်စားသောက်နေကြပြီး စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်ရှာဖွေကာ အဖိုးတန်ရွှေ၊ ငွေနဲ့ တန်ကြေးရှိတဲ့ အရာတွေကို ယူဆောင်နေတာ ဒီတစ်ကြိမ်နဲ့ဆို ၄ ကြိမ်အထက် ရှိပြီလို့ ဆိုပါတယ်။