ချင်းပြည်နယ်အတွင်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လိုအပ်သလို တိုက်စစ်ဖွင့်တော့မှာဖြစ်တယ်လို့ ဇိုမီးတပ်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) က ကြေညာ လိုက်ပါတယ်။
ZRA( EC) မှာ တပ်စိပ် ၅ စိတ်နဲ့ ZRA လက်အောက်ခံ Zomi National Volunteer တပ်စိတ် ၃ စိတ်တို့က ဦးဆောင် တိုက်ခိုက်သွားမယ်လို့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တီးတိန်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက “အခုတလော တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်တော့ သူ့ကိုထောက်ခံတဲ့သူတွေရဲ့ ဖိအားများ လို့အခုလိုကြေညာလိုက်တာဖြစ်မယ်ထင်တယ်။ အယောင်ပြလောက်ပဲဖြစ်မှာပါ၊ သူက စစ်ကောင်စီကို တိုက်မလား၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတိုက်မလား မရေးထားတော့ မပြောတတ်ဘူး၊ ပြည်သူဘက်ကိုမတိုက်ရင်တော့ အိမ်ပြန်လို့ရမှာမဟုတ်ဘူး”လို့ ဒေသခံ မီဒီယာတစ်ခုကိုဖြေကြားထားပါတယ်။
အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ်မှာ အခြေစိုက်တဲ့ ZRA တပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၄ရက်က တွန်းဇံ နယ်စပ်ကနေ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်စီးနင်းပြီး ဝင်ရောက်လာကြတယ်လို့လည်း သိရပါတယ်။ ZRA ဟာ အိန္ဒိယအစိုးရရဲ့ နယ်ခြားစောင့်တပ်ဖြစ်တာကြောင့် အိန္ဒိယအစိုးရက လက်နက် တပ်ဆင်ပေးထားတဲ့အဖွဲ့လည်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှ တီးတိန်မြို့နယ်နဲ့ အိန္ဒိယနပ်စပ်မှာ ZRAအဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး CNF CAN အဖွဲ့တွေကြားမှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ZRA( EC) ဟာ ၂၀၂၁ ခုနှစ်က အိန္ဒိယ နိုင်ငံနဲ့ထိစပ်နေတဲ့ တီးတိန်၊ တွန်းဇံမြို့နယ်မှာ စခန်းချတဲ့ PDA , PDF-Zoland နဲ့ CDF-Hualngo တပ်စခန်းကို နှစ်ကြိမ်တိုင်တိုင် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အခိုုတိုက်ခိုက်ခဲ့တာကြောင့် ZRA နဲ့ ကသည်း လက်နက်ကိုင်တပ်ဖွဲ့ကို PDF -Zoland နဲ့ PDF(Kalay)တို့ မဟာမိတ်တပ်ဖွဲ့က အရေးယူတော့မယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ZRA တပ်ဖွဲ့ ဟာ နယ်စပ်မှာ စခန်းချကာ သင်တန်းလေ့ကျင့်နေတဲ့ PDF -Zoland စခန်းကို ဝင်ရောက်ပစ်ခတ်ပြီး Hualngo PDF ကလူတွေကို နှိပ်စက်ခဲ့တယ်လို့ PDFအဖွဲ့တွေက ဆိုထားပါတယ်။
ဇိုမီး တော်လှန်ရေးတပ်မတော် ZRA ကို ၁၉၉၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံမဏိပူ ပြည်နယ်မှာအခြေစိုက်ထားတာဖြစ်ပါတယ်။