တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ငါးလေလံဈေးနဲ့ စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က တနင်္သာရီတိုင်းခရီးစဉ်မှာ မြေနေရာ ရွေးချယ်ပေးခဲ့ပါတယ်။
မြိတ်အများပိုင်ကော်ပိုရေးရှင်းက ပြုလုပ်မယ့် အဆိုပါစီမံကိန်းကို အကောင်ထည်ဖော်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မြိတ်မြို့ စန္ဒဝတ်ကျေးရွာမှာ မြေနေရာရွေးပေးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ မြိတ်အများပိုင်ကော်ပိုရေးရှင်းအနေနဲ့ ၂၀၂၀ ပြည့်နှစ် အန်အယ်လ်ဒီ အစိုးရလက်ထက်ကတည်းက အဆိုပါနေရာမှာ စီမံကိန်းပြုလုပ်ခွင့်ရရှိဖို့ တင်ပြထားပေမယ့် စီမံကိန်း ရင်းနှီးမြှုပ်နှံမယ့်ငွေ ပမာဏဟာ များလွန်းနေတဲ့အတွက် တနင်္သာရီတိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးဖို့ကို စိစစ်နေတာပါ။
ဒါပေမဲ့ မြိတ်အများပိုင်ကော်ပိုရေးရှင်းကတော့ စီမံကိန်းလုပ်ကိုင်ခွင့် မရခင် အချိန်တည်းက စီမံကိန်းလျာထားတဲ့ နေရာမှာရှိတဲ့ မြေယာတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် နာမည်အသုံးပြုပြီး ဒေသခံတွေဆီက မြေယာတွေကို အတင်းအကျပ် ဝယ်ယူမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရင်းနှီးမြှုပ်နှံမယ့် အခုစီမံကိန်းနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်လာရောက်ကာ ခွင့်ပြုပေးလိုက်တဲ့အပေါ် ဒေသတွင်းမှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။
မြိတ်အများပိုင်ကော်ပိုရေးရှင်းဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သလို စစ်တပ်ကို ကျောထောက်နောက်ခံ ပြုလုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တနင်္သာရီတိုင်းထဲက မြို့နယ်တွေကို ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ လှည့်လည်သွားခဲ့တာလည်း ဖြစ်ပါတယ်။