စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မြို့လှတပ်ရင်းနယ်တဝိုက် မိုးတားလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိရပါတယ်။
သံပုရာကုန်းကျေးရွာမှာ တပ်အထိုင်ထားတဲ့ စစ်ကောင်စီအင်အား ၅၀ လောက်ဟာ သင်္ဘောလုံခြုံရေးယူပြီးနောက် မိုးတားလေးကျေးရွာက အင်အား ၄၀ လောက်နဲ့ပူးပေါင်းဖို့ ခြေလျင်စစ်ကြောင်းထွက်ခွာစဉ်မှာ ဘူတာစုကျွန်းအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
တိုက်ပွဲဟာ တစ်နာရီလောက်ထိ ကြာမြင့်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်ပြီး မိုင်း ၇ လုံး နဲ့စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းခွဲခံရတာကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။
ဇန်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်းလောက်က စစ်ကောင်စီသင်္ဘောနှစ်စီးဟာ ကသာမြို့ကို စုန်ဆင်းလာစဉ် ကသာမြို့အနီးက နလယ်အင်း၊ မိသလင်း၊ စေတီကုန်း၊ ပိန္နဲကုန်း၊ စတဲ့ ကျေးရွာမြစ်ကမ်းတွေကို စက်သေနတ်နဲ့ပစ်ခတ်တာ စနိုက်ပါတို့နဲ့ ပစ်ခတ်ခဲ့တာတွေကြောင့် မြစ်ကမ်းပါးတလျှောက်က ဒေသခံကျေးရွာနေပြည်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောနှစ်စီးဟာ ရွှေကူမြို့ကနေ စုန်ဆင်းလာပြီးနောက် ကသာအထက်ဘက် သံပုရာကုန်းကျေးရွာအနီးမှာ ဇန်နဝါရီ ၁၅ ရက်နေ့က သောင်တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ကသာကို စုန်ဆင်းလာတာဖြစ်ပါတယ်။
မိုးတားလေးကျေးရွာအနီး တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။