ကလေးတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ကျေးရွာတဝိုက်ကို ဒီနေ့မနက်ပိုင်းကစတင်ပြီး အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲမဖြစ်ပေမယ့်လည်း လက်နက်ကြီးတွေနဲ့ ၄ ကြိမ် ခြောက်လှန့် ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“မနက် ၈ နာရီကျော်လောက်က စပစ်တာ၊ လက်နက်ကြီးနဲ့က ၄ ချက် ပစ်တာ ကြားတယ်။ ကလေးတက္ကသိုလ်ထဲက အဝေးပစ်လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ ရွာထဲက လူတွေလည်း ထွက်ပြေးကြတယ်” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်ကတည်းက စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ကလေး-တီးတိန်-ဟားခါး သွားတဲ့ကားလမ်းကို မွန်းတည့် ၁၂ နာရီလောက်ကစပြီး လမ်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကလေးမြို့ထဲက စစ်ကားတစ်စီးဟာ ၁၀၅-မမ အမြောက်လက်နက်ကို ယူဆောင်ပြီး ကလေးတက္ကသိုလ်ကျောင်းထဲ ဝင်သွားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ကျေးရွာဝန်းကျင်ကို အခုလိုပစ်ခတ်နေတာလို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ ဟိန်ဇိန်တိုက်ပွဲမှာ ဂျက်လေယာဉ်အသုံးပြု တိုက်ခိုက်တာကြောင့် CAN တပ်ကြီးတစ်ဦး ကျဆုံးခဲ့တယ်လို့ CAN ကသိရပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ CNDF၊ CNA၊ CDF-KKG၊ Zoland – PDF ၊ CDM တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။