တရုတ်ကွန်မြူနစ်ပါတီက ဗြိတိသျှပါလီမန် အမတ်တွေအပေါ် မလျော်ဩဇာသုံးဖို့ ‘ခရစ္စတင်လီ’ ဆိုတဲ့ တရုတ်အမျိုးသမီးတဦးကို အလုပ်ခန့်ထားကြောင်း ဗြိတိသျှထောက်လှမ်းရေး MI 5 ရဲ့ စွပ်စွဲချက်တွေကို စနေနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။
ခရစ္စတင်လီဟာ လန်ဒန်မှာ ဥပဒေအကျိုးဆောင်လုပ်ငန်းဖွင့်ထားပြီး လွှတ်တော်အမတ်တွေထဲ ဝင်ထွက် ပေါက်ရောက်နေသူပါ။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဗြိတိသျှထောက်လှမ်းရေး MI 5 က အမတ်တွေအားလုံး မစ္စလီကို သတိထားကြဖို့နဲ့ သူဟာ တရုတ်ကွန်မြူနစ်ပါတီက အလုပ်ခိုင်းထားသူလို့ သတိပေးခဲ့တာပါ။
မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက တရုတ်ဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဘက်ရေးမူကိုသာ အမြဲ ဆုပ်ကိုင်ထားတာကြောင့် MI 5 ရဲ့ စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘူးဆိုပြီး သတင်းစာရှင်းလင်းခဲ့ပါတယ်။
ဗြိတိန်ပြည်ထဲရေးဝန်ကြီးက မစ္စလီရဲ့ ခြေလှမ်းတွေဟာ ရာဇဝတ်မှုကို ကျော်လွန်နေတာမို့ အစိုးရနဲ့ ဥပဒေပြုအမတ်အားလုံး အကပ်မခံဖို့ အဝယ်မခံဖို့ သတိပေးထားပါတယ်၊။