စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဇန်နဝါရီ ၁၅ ရက် ဒီမနက် ၇ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့လှ PDFတပ်ဖွဲ့က သိရပါတယ်။
ချောင်းဝကျေးရွာ ရွာဦးရေချမ်းစင်ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ရာက တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမဲ့ သေဆုံးမှုအရေအတွက်ကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီ သင်္ဘော နှစ်စီးကို လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း (၁၂၁) နဲ့ မြို့လှ PDFတပ်ခွဲ (၂) ၊ ကေအိုအေတို့ ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့ နေ့လယ် ၂ နာရီလောက်ကလည်း ရွှေကူမှ ကသာသို့စုန်ဆင်းလာတဲ့ စစ်ကောင်စီ သင်္ဘော နှစ်စီးကို အသင့်စောင့်ဆိုင်းနေတဲ့နကူးရွာဟောင်းမှ စစ်ကောင်စီတပ်တွေကို ABSDF ကျောင်းသားတပ်မတော်နဲ့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေး (ပ-က-ဖ)ပူးပေါင်းအဖွဲ့တွေက RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကသာတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိနိုင်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပေမဲ့ PDF နဲ့ ABSDF တပ်တွေ အထိအခိုက်မရှိပါလုံးဝမရှိပဲ ပြန်လည်ဆုပ်ခွာ လာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကသာ၊ ရွှေကူနဲ့ ဗန်းမော်မြို့နယ်တွေကို ရေကြောင်းက တဆင့်စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ လမ်းကြောင်းတွေကို ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုတွေကို ဇန်နဝါရီ ၅ ရက်တည်းက အကြိမ်ကြိမ် ဆီးကြိုတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးတားရွာတော်ပေါ်ကျောင်းက ၃ နေရာမှာလည်း တပ်စွဲထားပြီး ကျောင်းဝင်း အတွင်းကနေပြီး နှောတန်းကျေးရွာဘက်ကို လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့သေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပေါလောကျွန်းမှာ တပ်ဖြန့်ထားတဲ့ စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။