ဧရာဝတီတိုင်း၊ ပုသိမ်မြို့အဝင်မှာရှိတဲ့ ယာဉ်ထိန်းရဲရုံးမှာ ဇန်နဝါရီ ၁၄ ရက် ဒီမနက် ၉ နာရီကျော်လောက် မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
ယာဉ်ထိန်းရဲကင်းဗုံးပေါက်ကွဲချိန်မှာ အထဲမှာရှိနေတဲ့ ယာဉ်ထိန်းရဲတွေနဲ့ ရဲတချို့ ကြောက်လန့်ပြီး ထွက်ပြေးတာတွေရှိတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
“ကြားတာက အုန်းခနဲ တချက်ပဲကြားရတာ လှည့်ကြည့်တော့ အဲ့ရုံးထဲက ရဲတွေပြေးထွက်လာတာတွေ့တယ်။ မော်တော်ပီကယ်တွေလည်းပါတယ်။ တယောက်တော့ ကျန်နေခဲ့တယ်။ ထိုင်နေတာလား ထိသွားတာလားတော့ သေချာမသိဘူး”လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး လမ်းပိတ်ဆို့တာတွေပြုလုပ်ကာ ဆဲဆိုကြိမ်းမောင်ပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ယာဉ်ထိန်းရဲကင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ထိခိုက်ကာ ကျန်ခဲ့တယ်လို့ ဒေသခံတွေပြောဆိုနေပေမယ့် ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မြို့အဝင်ယာဉ်ထိန်းရဲကင်းဗုံးပေါက်ကွဲမှုဟာ ပုသိမ်မြို့မှာ ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။