စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကြီးကျေးရွာတလျှောက်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးအနည်းဆုံး ၁၀ လုံးကျော် ကြဲချသွားတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မိုးတားကြီးဈေးတန်း၊ ကချင်စုနဲ့ ဒေါ်အောင်လျှို စတဲ့ နေရာတွေကို ကြဲချသွားတာဖြစ်ပြီး လူနေအိမ် ၆ လုံးနဲ့ ဓမ္မာရုံ ၁ ရုံ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ ထိခိုက်သူ ပြည်သူ ၅ ဦးနဲ့ ကလေးငယ် ၃ ဦး ရှိနေပြီး သေဆုံးစာရင်းတွေကိုလည်း မသိရသေးဘူးလို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
စာရင်းပြုစုနေစဉ်မှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတဲ့ အခြေအနေဖြစ်နေပြီး ကလေးငယ်တွေကို ဗုံးထိမှန်ထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဗုံးကြဲတာကြောင့် နေအိမ်တွေ မီးလောင်ပြီး ခေါင်မိုးတွေ ပျက်စီးတာတွေ ရှိသလို သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
မိုးတာကြီးကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော်က (KIA)၊ ကသာ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။