ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်အတွင်း စစ်ကောင်စီတပ်တွေက မြို့တွင်းတိုက်ပွဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ပေါ် ဘုန်းကြီးကျောင်းတွေနဲ့ ကက်သလစ်ဘုရားကျောင်းတွေမှာ စစ်ရှောင်တွေကို ယာယီတဲတွေဆောက် လက်ခံထားပြီး ၂ ရက်အတွင်း ဦးရေ ၁ သောင်းကျော် ရှိလာပါတယ်။
အများစုဟာ လွိုင်ကော်မြို့ပေါ်ကဖြစ်ပြီး ဖယ်ခုံ၊ မိုးဗြဲ ဒေသတွေမှာ တိမ်းရှောင်နေသူတွေလည်း ထပ်ရောက်လာဖို့ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးခွန်ကျော်ဝင်းက ပြောပါတယ်။
စောင်၊ ခြင်ထောင်၊ စားနပ်ရိက္ခာများ အဓိက လိုအပ်နေပြီး စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ လိုအပ်ချက်တွေ များလာနိုင်တယ်လို့ ဆိုပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့အနီးတဝိုက်မှာလည်း လူဦးရေထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ရှောင်စခန်းဖွင့်ဖို့ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။