ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက ဖုန်းအော်ပရေတာတွေကို ၃ ရက်အတွင်း အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးရမယ်လို့ ဖားကန့်မြို့ မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ ရာဇသံပေးလိုက်ပါတယ်။
“ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ MPT, Mytel ,Telenor, Ooredoo ရုံးများအနေနဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေကို ၃ ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးဖို့ အသိပေးလိုက်တယ်” လို့ ဖော်ပြထားပါတယ်။
ဖားကန့်မြို့နယ်အတွင်း ဩဂုတ် ၂၀ ရက်ညပိုင်းက စတင်ကာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ငါးလ နီးပါးရှိလာပါပြီ။
ဖုန်းအော်ပရေတာတွေအနေနဲ့ တောင်းဆိုချက်အတိုင်း မလိုက်နာပါက မြေအောက်တော်လှန်ရေးအဖွဲ့က လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမယ်လို့ အမည်မဖော်လိုတဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျနော်တို့ပထမအဆင့်အနေနဲ့ အသိပေးအကြောင်းကြားတဲ့သဘောပါပဲ။ ဒါကိုမှ လက်မခံရင်တော့ ကျနော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာကို လက်တုံ့ပြန်သွားမှာပါပဲ။”
ဖားကန့်မြို့နယ်တွင် MPT Mytel Ooredoo,Telenor ဖုန်းအော်ပရေတာ လေးခုရှိပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်မှာ Mytel က အင်တာနက် ခဏဖွင့်ထားပေးပြီး ပြန်ပိတ်သွားတယ်လို့လည်း ဖားကန့်မြို့ခံတဦးက ပြောပါတယ်။