တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အရပ်သားပြည်သူအများစု စွန့်ခွာသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေအပါအဝင် နီးစပ်သူတွေကပါ လူနေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖောက်ထွင်း၊ ဖျက်ဆီး၊ ခိုးယူနေကြတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
“အကြမ်းဖက်စစ်တပ်ကကောင်တွေ အရပ်ဝတ်နဲ့ ဆိုင်ခန်းနဲ့ အိမ်တွေ လိုက်ဖောက်ပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ခိုးယူနေတယ်”လို့ လွိုင်ကော်မြို့ခံ မျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။
တချို့ ဖောက်ထွင်းအဖွဲ့တွေဆိုရင် ဆိုင်ခန်းတံခါးဖျက်ဆီးပြီး ဆိုင်အတွင်းက အဖိုးတန်ပစ္စည်းတွေကို ဆယ်ဘီးကားနဲ့ တင်ဆောင်ယူသွားတာတွေ ရှိတယ်လို့လည်း မျက်မြင်သက်သေတွေက ဆိုပါတယ်။
“သူများပစ္စည်းခိုးဖို့ တရားဝင်အမိန့်ရထားသလိုပဲ ဆယ်ဘီးကားကို ဆိုင်ရှေ့ဖင်ထိုးပြီး ဈေးကြီးတဲ့ ပစ္စည်းအားလုံး ကားတင်သွားတယ်။ စီစီတီဗွီတွေဖျက်ပြီး ဟတ်ဒစ်တွေကိုပါ ဖြုတ်ယူသွားတယ်” လို့ ဆိုင်ဖောက်ထွင်းခံရတဲ့ ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
လွိုင်ကော်မြို့ပေါ်က ဈေးဆိုင်ခန်းတွေနဲ့ လူနေအိမ်တွေ ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူခံနေရတာနဲ့ ပတ်သက်ပြီး အရပ်သားပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)ကို အကူအညီတောင်းလာတာကြောင့် PDF (လွိုင်ကော်)အနေနဲ့ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူမခံရအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းထိ မြို့ခံပြည်သူလူထုတဝက်လောက်ဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီး နေ့စဉ်နဲ့အမျှလည်း လက်နက်ကြီးတွေနဲ့ ရပ်ရွာတွေထဲကို ရမ်းသမ်းပစ်ခတ်လို့ အရပ်သားပြည်သူတွေ သေဆုံးတာတွေ ရှိနေပါတယ်။ နေ့စဉ် လူဦးရေသောင်းနဲ့ချီပြီး လွိုင်ကော်မြို့ကို စွန့်ခွာနေတာဆိုရင် ဒီကနေ့နဲ့ဆိုရင် ၄ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် မြို့တော်လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က သိန်းနဲ့ချီတဲ့ ပြည်သူလူထုတွေဟာ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ဝေးရာ ရှမ်းပြည်နယ်ထဲအထိ သွားရောက် ခိုလှုံတိမ်းရှောင်နေကြရပါတယ်။