စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားသူဟာ အသက် ၄၀ ကျော်အရွယ် ဦးဖိုးထွန်းဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်က ရွာထဲကိုဝင်လာပြီး ပစ်ခတ်တာတွေ လုပ်တယ်၊ တွေ့တဲ့လူကို ပစ်တယ်။ ကားနဲ့ လာကြတာပါ၊ တိုက်ပွဲမဖြစ်ပါဘူး။ ပြည်သူ ၆ ဦးကို ဖမ်းတယ်၊ အိမ်တွေ ဆိုင်ကယ်တွေကို မီးရှို့တယ်၊ နှစ်ယောက် ပစ်သတ်ခံရတယ်။ ဦးဖိုးထွန်းက ပွဲချင်းပြီးသေတာ၊ တစ်ယောက်ကတော့ ဘယ်လိုဖြစ်မလဲ မသိသေးဘူး၊ ကလေးမြို့က ကမ္ဘောဇဘဏ်နားမှာလည်း စစ်တပ်က စစ်ဆေးတာတွေ လုပ်နေတယ်၊ ကလေး လက်နက်ကိုင်တွေလည်း ပါတယ်။ အရင်လတွေကလည်း စစ်တပ်က ရွာထဲကိုဝင်ပြီး လူတွေကို ပစ်သတ်သွားတာတွေ ရှိခဲ့ဖူးတယ်။ အခုတော့ ရွာထဲ လူတွေ ထွက်ပြေးနေကြရတယ်။ ရာသီဥတုကလည်း အေးတယ်၊ ညဘက်လည်းရောက်လာပြီ၊ ဒုက္ခတွေလည်း ကြီးပါတယ်။”
စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးထားတာဖြစ်ပြီး ပြည်သူပိုင် ဆိုင်ကယ်တွေနဲ့ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး သာစည်ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်နေပြီး အပြစ်မဲ့ပြည်သူနှစ်ဦး သေနတ်ထိမှန်ထားတယ်လို့သိရပါတယ်။
သာစည်ကျေးရွာဟာ ကလေးမြို့နယ် တောင်ဘက် ၃ မိုင်အကွာ မှာရှိပြီး အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။