ကယားပြည်နယ် မြို့တော်လွိုင်ကော်မှာ ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ မြို့တွင်းတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်လေယာဉ် ၁ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ညနေ ၆ နာရီမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေါဥခူရပ်ကွက်က ဒေါဥခူစနေအသင်းဘုရားကျောင်းထိမှန်ပြီး လူတချို့ ပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပေမဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကို တိတိကျကျ မသိရသေးပါဘူး။
လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အကျဥ်းထောင်ဘေးပတ်လည် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ဒီကနေ့ မွန်းလွဲ ၁၂ ရီခွဲကနေ ၄ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြာင်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ။
ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက် ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို)က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ မနက် ၈ နာရီခွဲကနေ ည ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို အရှင်ဖမ်းဆီးရမိထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲအတွင်း ဒေသခံ ပြည်သူတွေရဲ့နေအိမ် ၂ လုံးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တွေက လွိုင်ကော်မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် လွိုင်ကော်မြို့ခံ ၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
ခုရက်ပိုင်း လွိုင်ကော်မြို့တွင်း တိုက်ပွဲပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်တာကြောင့် သောင်းနဲ့ချီတဲ့ ကရင်နီပြည်သူတွေ ရှမ်းပြည်နယ်ထဲအထိသွားရောက် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
Video : Roselin Ei