Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်
DVB
·
January 11, 2022
271173321_4718861771561150_3069618306242139247_n
271633652_4718861884894472_4413548759549402547_n
271175577_4718862068227787_3413827437837265871_n
271736976_622138925690509_4941225992212732548_n
271739830_622144689023266_3328937536852582696_n
271725668_622144805689921_7861905423342886881_n
271726069_622144919023243_4719796714228446487_n
271712003_622145209023214_6401545289530969523_n
271589366_622145315689870_8203382510981559810_n

ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ TNLA၊ SSPP ပူးပေါင်းတပ်တွေနဲ့   RCSS တပ်တို့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်နဲ့ တောင်ပိုင်း လွိုင်လင်ခရိုင်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့်  ရွာသား‌တွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်ဆိမ်အုပ်စုနဲ့ ဆွန်အွဲ့အုပ်စုထဲမှာ ဒီလ ၈ ရက်နေ့ကစ တိုက်ပွဲဖြစ်နေပြီး ဒီနေ့ထိ  ပစ်ခတ်သံတွေကြားနေရကြောင်း၊ ကျေးရွာပေါင်း ၈ ရွာက ရွာသား ၃၀၀ ကျော် သီပေါမြို့ ဘော်ကြိုဘုရားကျောင်းမှာ လာရောက်ခိုလှုံနေကြတယ်လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့နေတဲ့ ရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေလို့ သီပေါကိုရောက်လာတာ ၈ ရက်နေ့ကတည်းက၊ တိုက်ပွဲက အခုလည်းဖြစ်နေတယ်။ ဘော်ကြိုဘုရားကနေ အသံတွေကြားပါတယ်ခင်ဗျ။ သီပေါအနောက်ဘက်တောင်တန်းတွေ ဘက်ကနေလာတာ။ အဲဒီအနီးနားတဝိုက် နောင်အန်း၊ ကုန်းညု၊ နားမွန်း၊ မန့်ဆိုင်း၊ တင်းလုံ၊ နမ့်ဆိမ်၊ ပုံဖန်း၊ ဆွန်အွဲ့က ရွာသားတွေ ထွက်ပြေးလာတယ်။ ဒီဘော်ကြိုဘုရားမှာတော့ ၃၃၀ ကျော်ရှိပါတယ်။ ကနေ့မနက် အိမ်ခြေ ၂၀ က မိသားစုဝင်တွေထပ်ရောက်တယ်၊ နောက်ထပ်ရောက်လာမှာလည်းရှိတယ်။ သူတို့မရောက်သေး တော့ ဘယ်ရွာက လူဦးရေဘယ်လောက်ဆိုတာတော့ မသိရသေးဘူးခင်ဗျ။”  

ဒါ့အပြင် သီပေါသာသနာ ၂၅၀၀ ကျောင်းတိုက်မှာလည်း မြေပြန့်ကနေ နမ့်ဆိမ်မှာ အလုပ်လာလုပ်တဲ့ လမ်းလုပ်သား ၂၀ ကျော်ရှိကြောင်း၊ စစ်ဘေးရှောင်တွေအတွက် နယ်စည်းမခြားနဲ့ အခြား ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေက စားနပ်ရိက္ခာ အသုံးအဆောင်တွေ  လာရောက်ကူညီနေပြီး ဆောင်းတွင်းဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ သေးတယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ထဲမှာလည်း အရင်ပတ်ကတည်းက ဒီနေ့ထိ တိုက်ပွဲဖြစ်လို့ ရွာသားပေါင်း ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေး‌ရှောင်တွေဟာ မိုင်းကိုင်မြို့နယ်ကိုကျော်ပြီး လဲချားမြို့နယ်ထိ လာရောက်ခိုလှုံနေရရတယ်လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ ဒီကနေ့ နောင်ပန်ကျေးရွာ ဟိုလွိုင်ကျောင်းတိုက်မှာ ရောက်နေတဲ့ မိုင်းကိုင်က စစ်ဘေးရှောင် ၅၁ ဦးကို သွားကူခဲ့ပါတယ်ရှင့်။ သူတို့ ၉ ရက်နေ့က ရောက်လာတာ၊ အဲဒီနေ့က ရောက်လာတဲ့ နောက်တစ်သုတ်က နောင်ပန်ရွာ သစ်ထုတ်တဲ့ဂိုဒေါင်မှာပါ။ ဝင်းကအကျယ်ကြီးဆိုတော့ အဲဒီမှာ အိမ်ထောင်စု ၂၆ စုနဲ့ လူပေါင်း ၁၆၀ ရောက်နေပါတယ်။ သူတို့ အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခာပေါ့။”

 တိုက်ပွဲဖြစ်နေတဲ့ မိုင်းကိုင်မြို့နယ်ထဲမှာတော့ ဒီကနေ့ထိ စစ်ဘေးရှောင် အိမ်ထောင်စုဝင် ၅၇၇ စု လူဦးရေ ၂၇၀၀ ကျော်တို့ဟာ ဘုန်းကြီးကျောင်းအပါအဝင် စစ်ရှောင်စခန်း  ၁၂ ခုမှာ ခိုလှုံနေရတယ်လို့ အကူအညီပေးနေတဲ့ သံဃာ့ဩဝါဒခံ နာရေးကူညီမှုအသင်း မိုင်းကိုင်မြို့က သူတို့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ  (SSPP) ရှမ်းတပ်တို့ တပ်ပေါင်းစုနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  ရှမ်းတပ်တို့ကြား နယ်မြေစိုးမှုပြဿနာကြောင့် တိုက်ပွဲဖြစ်နေကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ TNLA ဘက်ကတော့ RCSS ဟာ ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသကို ကျူးကျော်လာလို့ SSPP နဲ့ပူးပေါင်းပြီး ၂၀၂၁ နှစ်ကုန်ပိုင်းမှာ RCSS ကို အကုန်တိုက်ထုတ်နိုင်ခဲ့တယ်လို့  ၁၀၊ ၀၁၊ ၂၀၂၂ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

RCSS ဘက်ကတော့ သူတို့တပ်ဖွဲ့ဝင်တွေဟာ ရှမ်းပြည်မြောက်ပိုင်းရော တောင်ပိုင်းမှာပါ ယခင်ကတည်းက ရှိနေခဲ့ပြီး ရှမ်းပြည်တပ်မတော်ဖြစ်တဲ့အတွက် ရှမ်းပြည်နေရာတိုင်းမှာ လှုပ်ရှားနေတာလို့  ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024