ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို မြန်မာစစ်တပ်က အဆက်မပြတ်ပစ်ခတ်၊ လေကြောင်းတိုက်ခိုက် လုပ်နေတာတွေကို ရပ်တန့်ပြီး ဘေးလွတ်ရာထွက်ပြေးဖို့ ကြိုးစားသူတွေကို ပိတ်ဆို့တားဆီးတာမလုပ်ဖို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် သောမတ်စ်အင်ဒရူးစ်က တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်အနေနဲ့ လွိုင်ကော်ကို အဆက်မပြတ် တိုက်ခိုက်နေတဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ပစ်ရမယ်လို့ သောမတ်စ်အင်ဒရူးစ်က သူ့ရဲ့တွစ်တာလူမှုကွန်ရက်မှာ ရေးသားဖော်ပြရာမှာ ပြောထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေဟာ မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မြေပြင်ကလေ လက်နက်ကြီးတွေ အမြောက်တွေနဲ့ပစ်ခတ်ခဲ့ရာမှာ ဒေသခံတွေ ထောင်သောင်းချီပြီး ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီဒေသမှ ထွက်ပြေးလာသူတွေကို တားဆီးပိတ်ဆို့ထားတာတွေကိုလည်း ရုတ်သိမ်းပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သင့်တယ်လို့ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်က ပြောထားပါတယ်။
တိုက်ပွဲတွေကြောင့် လူ ဦးရေ ၈ သောင်းလောက်ရှိတဲ့ လွိုင်ကော်မြို့မှာ ဒေသခံပြည်သူ တဝက်ကျော်လောက်ဟာ မော်တော်ကားတွေ မော်တော်ဆိုင်ကယ်တွေနဲ့ စီတန်းထွက်ခွာ ပြီး ရှမ်းပြည်နယ်ဘက်ကို စစ်ဘေးရှောင်နေကြရပါတယ်။
ဒါပေမဲ့ မြို့ပေါ်မှာတော့ သက်ကြီးရွယ်အိုတွေ၊ နေမကောင်းဖျားနာသူတွေ အပါအဝင် တခြား ထွက်မသွားနိုင်ကြတဲ့သူတွေ အများအပြား ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လွိုင်ကော်မြို့နယ်ထဲမှာ လေကြောင်းကနေ လာရောက်တိုက်ခိုက်တဲ့ စစ်တပ်ရဟတ်ယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့သလို၊ သံချပ်ကာကားတစီး ပျက်စီးသွားကြောင်းနဲ့ စစ်သား ၃၀ လောက် သေဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF)က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒီဗွီဘီအနေနဲ့ သတင်းနဲ့ ပတ်သက်လို့ သီးခြား အတည်မပြုနိုင်သေးပါဘူး။