ရန်ကုန်က ဟိုတယ်မှာ ကွာရန်တင်းဝင်နေတဲ့ ကိုဗစ်ပိုးတွေ့ အမေရိကန်နိုင်ငံသား ၂ ယောက်ကို ဆေးကုသပေးဖို့ အမေရိကန်သံရုံးက ခေါ်ဆောင်သွားတဲ့အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အပြင်းအထန်ကန့်ကွက်လိုက်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာဖို့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့တဲ့ အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ တယောက်ဟာ ဆရာစံဟိုတယ်မှာ ကွာရန်တင်းဝင်နေစဉ် ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သလို ဇန်နဝါရီ ၃ ရက်ကလည်း မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်လာတဲ့ အမေရိကန်သံရုံး ဝန်ထမ်းတယောက်ဟာလည်း Pan Pacific ဟိုတယ်မှာ ကွာရန်တင်းဝင်နေစဉ် ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကိုဗစ်ရောဂါပိုး တွေ့ရှိသူတွေကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံတွေကို တက်ရောက် ကုသမှုခံယူဖို့ အသိပေးခဲ့ပေမဲ့ အမေရိကန်သံရုံး ဝန်ထမ်းတယောက်နဲ့ အပေါင်းအပါတို့က ဘယ်သူ့ ခွင့်ပြုချက်မှ မပါရှိဘဲ ဟိုတယ်ကို လာရောက်ပြီး ပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသား နှစ်ယောက်ကို သူတို့ရဲ့ အစီအစဉ်နဲ့ ကုသမယ်ဆိုပြီး ပြန်လည် ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဥပဒေနဲ့ဆန့်ကျင်တာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့အပြင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ လမ်းညွှန်ချက်၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အမေရိကန် သံရုံးဘက်ကတော့ တစုံတရာ ထုတ်ပြန် ကြေညာတာ မတွေ့ရသေးပါဘူး။