ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက Covaxin ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းလှူဒါန်းခဲ့ ပြီး ဇန်နဝါရီ ၉ ရက်မှာ ပထမအသုတ်အနေနဲ့ ၁ သန်းရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကျန်ရှိတဲ့ ကာကွယ်ဆေး ဒုတိယအသုတ် ၁ သန်းကတော့ လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာ ထပ်မံရောက်ရှိမှာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၄ ဒသမ ၄ သန်းနဲ့ လှူဒါန်းမှုမှ ၁၃ ဒသမ ၄၆ သန်းလောက်နဲ့ စုစုပေါင်း ၅၇ ဒသမ ၈၆ သန်းလောက် ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၉,၀၀၀ ကျော်ရှိခဲ့ပြီလို့ ဖော်ပြပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေတွေ ကို စောင့်ကြပ် ကြည့်ရှုနေပြီး ထုတ်ပြန်နေပေမယ့် ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူး စက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၂၁ သန်းကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၁၂ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားပါတယ်။