စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက မဆင်မခြင်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဗုံးခိုကျင်းတွေ တူးနေကြရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့ညတွေမှာ ထီးချိုင့်မြို့နဲ့ တစ်မိုင်ခန့်အကွာ ဧရာဝတီမြစ်ကူးတံတားမှာရှိတဲ့ စစ်ကောင်စီ လုံခြုံရေးဂိတ်ကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေအနီး လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အခုလို ဗုံးခိုကျင်းတွေ ကြိုတင်တူးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
တံတားအနီး ရေဝအုပ်စုအတွင်းက အိမ်ခြေလေးရာဝန်းကျင်ရှိတဲ့ ကျေးရွာငါးခုမှာ ဗုံးခိုကျင်းတွေ တူးနေကြရတယ်လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။
“ရွာတွေမှာကတော့ အကုန်လုံး ထိတ်လန့်ခြောက်ခြားနေတာပေါ့။ ဘယ်ပြေးလို့ပြေးရမှန်းမသိ၊ ကျည်ဆန်က ဘယ်ဆီလာလို့ လာမှန်းမသိတဲ့အခါကျတော့ ဗုံးခိုကျင်းတွေ တူးကတော့တာလေ။ တခါပစ်ရင် အနည်းဆုံး ငါးမိနစ်လောက်ကြာတယ်၊ ပြီးရင် စက်သေနတ်နဲ့ရော ပစ်တာလေ။ တဖောက်ဖောက်နဲ့ ဆက်တိုက်ကြီး တအားဆွဲတာလေ။"
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထီးချိုင့်မြို့အနီး၊ မီးချောင်အိုင်ကျေးရွာက တောင်သူတစ်ဦးရဲ့နေအိမ်ကို ဝင်ရောက်ခဲ့ပြီး နွားတစ်ကောင်ကို ပစ်သတ်ကာ ချက်ပြုတ်စားသောက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထီးချိုင့်နဲ့ ၃ မိုင်ခန့်အကွာ ကွင်းကြီး-ရွာသစ်ကုန်းကျေးရွာမှာ PDF တွေကို ရှာခိုင်းပြီး မတွေ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၃ ခန်းတွဲအကျယ်အဝန်းရှိ လူနေအိမ်တစ်လုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလိုတွေ လုပ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေဟာ စစ်ကောင်စီတပ်တွေ လာရောက်တာနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ထီးချိုင့်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား နေရာချထားပြီး ထီးချိုင့်တံတားပေါ်မှာလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ CJ