စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့မှုကြောင့် နေအိမ်နဲ့အဆောက်အအုံ တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က ကျေးစာကျကျေးရွာဒေသခံပြည်သူ ၃ ဦးရဲ့ နေအိမ်တွေအပါအဝင် အဆောက်အအုံ ၆ လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ထောက်ပို့ယာဥ်တန်းနဲ့အတူ လိုက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
မီးရှို့ခံရတဲ့ ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ ရှိမနေကြဘဲ စစ်ကောင်စီကားတန်း လာရာလမ်းတစ်လျှောက် ကျေးရွာတွေက ပြည်သူတွေလည်း ကြောက်လန့်တကြီး ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေလာရင် ပြည်သူတွေရဲ့ နေအိမ်ကို ဖျက်ဆီးမီးရှို့တာနဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေအပြင် တွေ့တဲ့လူကိုလည်း လူသားဒိုင်းအဖြစ် ခေါ်ဆောင်တာနဲ့ သတ်ဖြတ်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကားအစီးရေနဲ့ တပ်သားအင်အားများပြီး ခရီးစဥ်တစ်လျှောက်လုံးမှာလည်း PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရသလို ဇန်နဝါရီ ၉ ရက်ကလည်း နေရာများများမှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။