မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာ၊ စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ အမရပူရမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းပိုင် စက်သုံးဆီဆိုင်အနီးမှာ ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးလာရောက်ပစ်သွားတာ မဟုတ်ဘဲ ချိန်ကိုက်မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။
အမရပူရမြို့နယ်မှာ နေထိုင်သူတစ်ဦးက “စစ်ကိုင်းသွားတဲ့ လမ်းပေါ်မှာရှိတဲ့ စက်သုံးဆီဆိုင်နားမှာ ကွဲတာ။ ဆိုင်နာမည်က OK Amara အရင် ကြံ့ခိုင်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌ ပိုင်တာလို့ သိရတယ်။ တခြား ထိခိုက်တာ မရှိကြားတယ်” လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်တဲ့အပြင် စက်သုံးဆီဆိုင် အနီးအနားမှာပဲ နောက်ထပ် မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့အတွင်း ဇန်နဝါရီ ၉ ရက်နေ့မှာ ဗုံးကွဲတဲ့နေရာ ၅ နေရာထက်မနည်းရှိပြီး စစ်ကောင်စီ တပ်သားတွေက ပြန်လည်ပစ်ခတ်တာ၊ ပိတ်ဆို့စစ်ဆေးတာတွေ တင်းကျပ်လုပ်ဆောင်နေပါတယ်။