ကယားပြည်နယ်အတွင်း ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို ခုခံကာကွယ်ရင်း ပြည်သူ့အတွက် အသက်ပေးလှူသွားကြတဲ့ သူရဲကောင်း PDF ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီးမော့ဆို-ပြည်သူ့ကာကွယ်ရေးတပ် (DMO- PDF) ဖွဲ့ဝင်တွေက ဇန်နဝါရီ ၇ ရက်က စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
"ကျနော်တို့ PDF ရဲဘော်တွေဟာ ပြည်သူလူထုတွေရဲ့ အသက်နဲ့ အိုးအိမ်တွေကို သူတို့ရဲ့ အသက်တွေ ပေးပြီးကာကွယ်သွားကြတာ အားလုံးအသိပဲဖြစ်တယ်။ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမထိုးရင်တောင် အထိုင်စခန်းကနေ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ ရွာထဲဝင်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ပစ္စည်းတွေ ယူတယ်။ တိုက်ပွဲဖြစ်ရင် လူနေအိမ်တွေပေါ် ဗုံးကြဲတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကျနော်တို့ PDF ရဲဘော်တွေက ခုခံကာကွယ်ပေးရင် သူရဲကောင်းဆန်စွာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုတောင်းပေးရတာဖြစ်တယ်" လို့ DMO- PDF တပ်ဖွဲ့ဝင်တွေကဆိုပါတယ်။
အခုနှစ်ဇန်နဝါရီလအတွင်း လွိုင်ကော်နဲ့ ဒီးမော့ဆိုတိုက်ပွဲတွေအတွင်း PDF ရဲဘော် ၅ ဦး၊ KNDF ၂ ဦး ပြည်သူ့အတွက်အသက်ပေးလှူခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း အရာရှိ၊ စစ်သည်အများအပြား ထိခိုက်ဒဏ်ရာရသေဆုံးတာတွေ ရှိခဲ့ပါတယ်။
ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေသုံး တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေလည်း သေဆုံးဒဏ်ရာရတာတွေရှိပြီး သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။