မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာမှာ စစ်ကောင်စီတပ်က Mytel Tower တိုင်အနီး နင်းမိုင်း ၃ လုံး ထောင်ထားတဲ့ကြားက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တာဝါတိုင်ရဲ့ စက်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မန္တလေးအခြေစိုက် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ဇန်နဝါရီလ ၈ ရက် ဒီမနက် ၃ နာရီ ၁၀ မိနစ်က အဆိုပါ တာဝါတိုင်ကို မိုင်းတစ်လုံးခွဲပြီးတဲ့နောက် မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က "အဲ့မှာရှိတဲ့ အစောင့်တဲတွေရော အကုန်ဖျက်ဆီးလိုက်တယ်။ ၆ ရက်နေ့က စတာပေါ့၊ ၆ ရက်နေ့က ကင်းရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တွေကို ကျနော်တို့က မီးရှို့ဖျက်ဆီးခဲ့တယ်၊ စက်တွေကို မီးရှို့ဖျက်ဆီးတာပေါ့" လို့ ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၆ ရက် မနက် ၃ နာရီခွဲကလည်း မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာရဲ့ ရွာအလယ်မှာရှိတဲ့ Mytel Tower ရဲ့ စက်ခန်းတွေကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။
အဲ့ဒီလို မီးရှို့မှုကြောင့် ဇန်နဝါရီ ၇ ရက်နေ့မှာ စစ်ကောင်စီယာဉ်တန်းတွေ ရောက်လာတဲ့အတွက် မွန်းလွဲပိုင်းမှာ မတ္တရာမြို့နယ် တောင်ကန်အုပ်စု မြောင်းဦးကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာအကြား၊ မြောင်းဦးကျေးရွာ သုသာန်အနီးမှာ ကားသုံးစီးပါ စစ်ကောင်စီရဲ့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါ မိုင်ဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ ယာဉ်တစ်စီး ထိမှန်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျနော်တို့က မြောင်းဦးကျေးရွာ အနောက်ဘက်က သုသာန်နားမှာရှိတဲ့ တံတားမှာထောင်ပြီးတော့ ခွဲလိုက်တယ်၊ခွဲတော့ သူတို့ တစ်ယောက်ကျပြီးတော့ နှစ်ယောက်ဒဏ်ရာရတဲ့ အနေအထားပဲ"လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ပေါက်ကွဲသံကြောင့် ထွက်ကြည့်တဲ့ အနီးအနားနေအိမ်မှ အသက် ၁၄ နှစ်အရွယ် မောင်ဝေဖြိုးသူကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ညနေ ၅ နာရီကျော်မှာ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်စစ်တပ်က အင်အား ၃၀ လောက်ဟာ မတ္တရာမြို့နယ် သန်းကုန်း -ရုံးပင်- မြောင်းသစ်ကျေးရွာ လမ်းကြောင်းက တဆင့် သဖန်းကိုင်းကျေးရွာကို ရောက်လာပြီး ကျေးရွာစာသင်ကျောင်းအတွင်းမှာ တပ်စွဲနေပါတယ်။
အဆိုပါ တိုက်ခိုက်မှု ၃ ခုလုံးကို မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မန္တလေးအခြေစိုက် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
PHOTO -ပကဖ(မတ္တရာ)