မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လျှပ်စစ် EPC ရုံးမှာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
EPC ရုံးအတွင်းက လျှပ်စစ်မီတာ ကောက်ခံရေး အဆောက်အအုံ ခေါင်းမိုးပေါ်ကို အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက ဗုံးလာရောက် ပစ်သွင်းပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်မီတာကောက်ခံရေးအဆောက်အအုံ ခေါင်းမိုးထိခိုက် ပျက်စီးခဲ့သလို ရုံးအတွင်းရှိနေတဲ့ မီတာကောက်ခံရေးဌာနက ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဝန်ထမ်းတွေကိုတော့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ လျှပ်စစ်ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မြို့နယ်လျှပ်စစ်ရုံး ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်က ရုံးဝင်း အတွင်းနဲ့ လမ်းသွားလမ်းလာတချို့ကို စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
အောက်တိုဘာ ၂၃ ရက်ကလည်း ကျိုက်ထိုမြို့နယ် EPC ရုံးဝင်းအတွင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်စိုးထွန်း နေအိမ် ဗုံးပစ်သွင်းခံခဲ့ရပြီးနောက် လူထိခိုက်ဒဏ်ရာ ရတာ မရှိပေမယ့် နေအိမ်အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။