ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ် လျှပ်စစ်ရုံးရုံးဘေး ဘောလုံးကွင်းအတွင်း စစ်ကောင်စီအဖွဲ့တွေ တပ်စွဲထားတဲ့နေရာမှာ ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်းက ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၅ နာရီလောက်က ဗုံးတွေ ဆက်တိုက်ပေါက်ကွဲတာပဲ။ အသံအတော် ကျယ်တယ်။ အစောကြီးဆိုတော့ လူထိခိုက်တာတော့ သေချာမသိဘူး” လို့ အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။
အဆိုပါ ဗုံးဖောက်ခွဲမှုကို Yangon Federal Army -YFA နဲ့ ပူးပေါင်းအဖွဲ့က M 79 40mm ဗုံးသီး ၃ လုံး နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထိ ထိခိုက်နိုင်တယ်လို့ YFA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို စစ်ကောင်စီ တပ်ဘက်ကေည်း စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၅ ရက် ည ၇ နာရီကျော်လောက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် သင်္ဘောကျင်းရဲစခန်းကို B.E.R.A.F (ဗမာ့ နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့) က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။