ကယားပြည်နယ်အတွင်းက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
လက်ရှိ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်စခန်းတွေမှာ စစ်ဘေးသင့်ပြည်သူတွေ နေ့စဉ်များပြားနေတာပါ။
ဒါကြောင့် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပြင် ဆောင်းတွင်းကာလဖြစ်တာကြောင့် အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတွေအတွက် ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီ တပ်မ (၆၆) က တပ်ပြန်ဆုတ်ရင်း ကယားပြည်နယ်၊ ဖရူဆိုမြို့၊ မိုဆိုကျေးရွာအနီးမှာ ပြည်သူ ၃၅ ဦးကို အကြောင်းမဲ့ မီးရှို့သတ်ဖြတ်ခဲ့တာရှိပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာတော့ နယ်မြေအတွင်း လုံခြုံရေးအခြေအနေ ပိုမိုတင်းကြပ်လာပါတယ်။လူဦးရေ ၃ သိန်းလောက်ပဲရှိတဲ့ ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ရှောင်ပြည်သူဦးရေက ၁ သိန်း ၂ သောင်းကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။