Home
မြန်မာသတင်း
ကင်မွန်းချောင်း အထက်တန်းကျောင်းရှေ့ ဗုံးပေါက်၊ ကျောင်းသူအပါအဝင် ၃ ဦး ဒဏ်ရာရ
DVB
·
January 6, 2022
271023458_1783217115342549_1809483832517408113_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာက အထက်တန်းကျောင်းရှေ့မှာ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ကျောင်းသူအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် ရဲ ၁ ဦး ခြေထောက် ဗုံးစထိမှန်ဒဏ်ရာရှိခဲ့ပြီး ကျောင်းသူ ၁ ဦးနဲ့ ကျောင်းလာပို့တဲ့ ကျောင်းသာမိဘ ၁ ဦးကတော့ အနည်းငယ် ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တာပါ။

အဲဒီဗုံးဟာ အထက်တန်းကျောင်းအဝင် လုံခြုံရေးကင်းတဲမှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဘယ်သူဘယ်ဝါ လက်ချက် ဖြစ်လဲဆိုတာတော့ မသိရသေးပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုတော့ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အထက်တန်းကျောင်းကို ဒီနေ့ တစ်ရက်ယာယီပိတ်လိုက်ပြီး မနက်ဖြန်မှာ ကျောင်းပြန်ဖွင့်ပြီး အတန်းတင် အစမ်းစာမေးပွဲ ဆက်လက် ဖြေဆိုသွားဖို့ စီစဉ်ထားပါတယ်။

အခြေခံပညာကျောင်းတွေမှာတော့ ဇန်နဝါရီ ၅ ရက်ကစပြီး အတန်းတင် အစမ်းစာမေးပွဲတွေ ဖြေဆိုနေတာပါ။

အထက်တန်းကျောင်းရှေ့ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းတွေကိုပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်မွန်းချောင်း အထက်တန်းကျောင်းဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ စာသင်ခန်း အနည်းငယ်ထိခိုက် ပျက်စီးခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024