ချင်းပြည်နယ် မင်းတပ်မြို့နယ် ရှစ်ကျေးရွာ လူနေအိမ်တစ်လုံးကို စစ်ကောင်စီက ဇန်နဝါရီလ ၅ ရက်နေ့ မီးရှို့ပြီး ကျေးရွာဆေးပေးခန်းကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ရှစ်ကျေးရွာက ဆန်အိတ်တွေကို ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ ပန်းစခန်းဘက်ကို ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။
ဆေးပေးခန်းအတွင်းရှိ ကျန်မာရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အကြမ်းဖက် စကစ တပ်သားတွေက ရှစ်ရွာက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဆောက်အအုံကို ရစရာမရှိအောင်ဖျက်ဆီးတယ်။ ပြည်သူ့နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ရှစ်ရွာသစ်နဲ့ ရှစ်ရွာဟောင်းမှာရှိတဲ့ ကျောင်းခန်းမ၊ ဆေးပေးခန်း၊ ကုန်းမြင့်ပေါ်မှာရှိတဲ့ ပြည်သူ့နေအိမ်တွေမှာ တပ်စွဲထားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ ည ၇ နာရီလောက်မှာတော့ မင်းတပ်ကနေ ကျောက်ထုဘက်ကို ဖော်လန်ကားအဖြူနဲ့ စစ်ကောင်စီတပ်သားတွေ တင်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မင်းတပ်နဲ့ မတူပီမြို့ဟာ မြို့ချင်းကပ်နေပြီး မတူပီမြို့နယ် စဘောင်းသဲ ကျေးရွာကိုလည်း ဇန်နဝါရီ ၅ ရက်နေ့က စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်ပြီး စစ်အင်အားအများအပြားချတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဲသောင်းသဲကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခုရှိပြီး မြန်မာ- အိန္ဒိယ နယ်စပ်ရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီရွာကို စစ်ရဟတ်ယာဉ်ဆင်းတာ ဒါ ပထမဆုံးမြင်ဖူးတာ၊ အရင်ကတစ်ခါမှမလာဖူးဘူး။ ဘာတွေလာလုပ်ကြတာလဲဆိုတာလည်း ကျနော်တို့ ဘာတခုမှ မသိရသေးဘူး၊ ဒီနေရာမှာ တိုက်ပွဲလည်း မဖြစ်ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာ CDF – KKG အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။