ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် သင်္ဘောကျင်းရဲစခန်းမှာ ဇန်နဝါရီ ၅ ရက် ည ၇ နာရီကျော်က လက်ပစ်ဗုံးပစ်သွင်းခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ည ၇ နာရီကျော်ပဲရှိသေးတယ်၊ ရဲစခန်းထဲမှာ ဗုံးပေါက်တာ။ လူမှုရေးအသင်းကားတွေတော့ ရောက်လာပြီ၊ ထိခိုက် သေဆုံးမှုတော့ မသိရသေးဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
B.E.R.A.F (ဗမာ့ နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့) က ရဲစခန်းထဲ လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဖွဲ့သားတွေ ထိခိုက်မှုမရှိဘဲ လွတ်မြောက်ရာ ရောက်ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှာ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွေမှာ တနေ့တည်း မြို့နယ်အနှံ့ ဗုံးတွေပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်အခြေပြု B.E.R.A.F (ဗမာ့ နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့) ကို ပြီးခဲ့တဲ့ ၈ လပိုင်း ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။