ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းမှာ မီတာခ ပေးဆောင်ကြဖို့နဲ့ မပေးဆောင်တဲ့နေအိမ်တွေကို ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ပြီး မီးဖြတ်တောက်မယ်ဆိုပြီး လိုက်လံသတိပေး နှိုးဆော်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
EPC က ဝန်ထမ်းတွေနဲ့ အရပ်ဝတ် လူတစ်စုက ကလောမြို့နယ်အတွင်းက ရပ်ကွက်တွေမှာ အခုလို လိုက်လံသတိပေးနေတာလို့ ဆိုပါတယ်။
မီတာခ မပေးဆောင်ပါက မီးဖြတ်တောက်မှာဖြစ်သလို အကြွေးကျန်တွေရှိရင်လည်း အကုန်ရှင်းပြီးမှ မီတာပြန်တပ်ပေးမယ်ဆိုပြီး လိုက်လံသတိပေးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
အဲဒီလို မီတာခပေးချေရတဲ့ နေရာမှာလည်း ကျသင့်ငွေ ခါတိုင်းထက် ပိုမို ပေးဆောင်နေရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီတာသွားဆောင်တော့ ခါတိုင်းကျသင့်ငွေထက် နှစ်ဆလောက် ပိုမို ပေးဆောင်ရခဲ့တာတွေရှိတယ်” လို့ မီတာခ သွားရောက်ပေးဆောင်ခဲ့သူတစ်ဦးက ပြောပါတယ်။
ကလောမြို့ခံတွေအနေနဲ့ မီတာခတွေကို စစ်အာဏာသိမ်းတဲ့ အချိန်ကတည်းက မပေးဆောင်တော့တာဖြစ်ပြီး အခုလို မီတာခကျသင့်ငွေကို တပြိုင်တည်း ပေးသွင်းခိုင်းတဲ့အတွက် အခက်ခဲတွေ ဖြစ်ပေါ်နေပါတယ်။
အလားတူ အောင်ပန်းမြို့မှာလည်း မီတာခမပေးဆောင်တဲ့ အိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်နေတယ်လို့ သိရပါတယ်။
ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီအတွက် ကျည်ဆန်ဖိုးဖြစ်စေမယ့် မီတာခတွေကို မပေးဆောင်ဖို့နဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထားသလို ကလော EPC ရုံးကိုလည်း သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။
သတင်း - CJ