စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် ဂဟဲကျေးရွာမှာ ဇန်နဝါရီ ၄ ရက် မွန်းတည့် ၁၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ရဟတ်ယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ဂဟဲကျေးရွာက ပြည်သူအများစု ထွက်ပြေးနေရပြီး နေအိမ်တစ်လုံးနဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရဟတ်ယာဉ်နဲ့ ဗုံးလာကြဲတာ ၈ လုံးလောက်ရှိတယ်။ ရွာကလူတွေလည်း ပြေးရတာပဲ။ ဘုန်းတော်ကြီးကျောင်းနဲ့ အိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတယ်။ လူထိခိုက်တာ ရှိမရှိတော့ တိတိကျကျ မသိဘူးဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဂဟဲကျေးရွာဟာ အင်းတော်မြို့နဲ့ ထီးချိုင့်မြို့အကြားရှိပြီး စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။