မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတွေ လိုက်ပါလာတဲ့ ယာဉ်နှစ်စီး မနေ့က ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တံတားဦးမြို့နယ်က ထွက်လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီယာဉ် နှစ်စီးကို ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ကံကြီးကျေးရွာအကျော် ၉ မိုင်ဆီဆိုင်ကွေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကို လွတ်လပ်ရေးနေ့အကြိုအနေနဲ့ YFPDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -TGR၊ NZ Five Star အဖွဲ့၊ ငါးဇွန်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တော်ဝင်ဒေဝီ(ငါးဇွန်) တို့ ပူးပေါင်းပြီး မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခဲ့တာလို့ YFPDF က ထုတ်ပြန်ထားပါတယ်။
“ပထမတစ်စီး ကားနောက်ပိုင်းပျက်စီးပြီး ဒုတိယ တစ်စီးမှာ ခေါင်းပိုင်းပျက်စီးတယ်။”
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရေစကြို- ချောင်းဦးလမ်းပိုင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့က စတင်ပြီး အရေးပေါ်အခြေအနေအဖြစ် ဖောကားများ ဖြတ်သန်းခွင့်လုံး၀မပြုကြောင်းနဲ့ အိမ်စီးကားတွေကိုလည်း မှန်ချမောင်းနှင်ဖို့၊ နောက်ထပ် ကြေညာချက်မထုတ်ပြန်မီအထိ လိုက်နာကြဖို့ YFPDF တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။