ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) တပ်ရင်း ၁ နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးတွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးခဲ့သလို အများပြား ဒဏ်ရာရခဲ့တယ်လို့ MPDF အဖွဲ့ဝင်တစ်ဦးရဲ့ အပြောအရ သိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ တပ်ရင်းမှူး ၁ ဦး ပါဝင်တယ်လို့ သိရပြီး သေဆုံးသူ ဦးရေ ဒီထက်ပိုနိုင်တယ်လို့လည်း ဆိုပါတယ်။
“အခုစာရင်းက ကျနော်တို့ မုံရွာခရိုင်တပ်ရင်း ၁ ပါဝင် ပူးတွဲတိုက်ခဲ့တဲ့ စာရင်းသက်သက်ပါ။ တချို့ တိုက်ပွဲတွေမှ စစ်ကောင်စီတပ် အသေပျောက်စာရင်း မသိရသေးတာလည်း ရှိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အသေအပျောက်က ဒီစာရင်းထက် ပိုများနိုင်တယ်။ နည်းပညာနဲ့ ဒရုန်းသုံးပြီး လေကြောင်းကနေ ဗုံးကြဲခဲ့တာလည်း ရှိပါတယ်။”
အဲဒီတိုက်ခိုက်မှုတွေထဲမှာ မိုင်းဆွဲပြီးနောက် အပြန်လှန်ပစ်ခတ်မှုတွေ အပါအဝင် ဒရုန်း အသုံးပြုပြီး လေကြောင်းနဲ့ ဗုံးချတိုက်ခိုက်မှု ၁၄ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
မုံရွာခရိုင် (MPDF) တပ်ရင်း-၁ မှ ကနီတပ်ခွဲ၊ သံမဏိတပ်ခွဲ၊ အောင်ဆန်းတပ်ခွဲတို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာအတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးတွဲကာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပေါင်း ၇ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ မုံရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရရာတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။