ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ဘူတာရုံအနီးမှာ ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့၊ မနက် ၈ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံး ပေါက်ကွဲလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ဘူတာကိုကင်းစောင့်ကျတဲ့အဖွဲ့က လမ်းမှာအုန်းခံရတာ။ ၅ ယောက်လာတာ ၂ ယောက်သေတယ်။ ၁ ယောက်က အခြေအနေဆိုးလို့တဲ့ ရန်ကုန်စစ်ဆေးရုံပို့တယ်လို့သိရတယ်။ ကျန်တဲ့ ၂ ယောက်က သိပ်မထိဘူး” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်သိရှိနိုင်ဖို့ ပေါင်းတည်ပြည်သူ့ဆေးရုံကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဗုံးပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးကာ သေနတ်တွေလည်း ပစ်ဖောက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းကပြုလုပ်ကြောင်း ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းပြီး တပ်စွဲစခန်းချထားတဲ့နေအိမ်ကို ပစ်ခတ်တိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။