စစ်ကိုင်းတိုင်း ကောလင်းမြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက် နေအိမ်တွေမှာ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စီးပွားရေးသမား ၁၅ ဦးလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရအမည်မဖော်လို့တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခုဖမ်းခံရတာက ဆန်စက်ပိုင်ရှင်တွေ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေနဲ့ အခြားစီးပွားရေးသမားအများဆုံးဖြစ်တယ်။ ဘာကြောင့်ဖမ်းကြတာလည်းဆိုတော့ အပြစ်မရှိ အပြစ်ရှာပြီး ငွေညှစ်တောင်းဖို့ ဖြစ်နိုင်တယ်။ ရပ်ကွက်ထဲတော့ အမျိုးမျိုးပြောနေကြတယ်။ မီတာမဆောင်လို့၊ လက်နက်ကိုင်နဲ့ ဆက်သွယ်လို့ အဖမ်းခံရတာလို့ ထင်ကြေးတွေနဲ့ပြောနေကြတာတော့ရှိတယ်ဗျ။ အမှန်ကတော့ ဒီကောင်တွေ ငွေလိုခြင်လို့ ငွေညှစ်တာပဲ” လို့ ပြောပါတယ်။
ဖမ်းဆီးရတဲ့အကြောင်ရင်းကို သိရှိနိုင်ဖို့ DVB က ကော်လင်းရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် မရသေးပါဘူး။
ရဲစခန်းနဲ့နီးစပ်သူတွေကတော့ ဖမ်းဆီးခံရတဲ့အကြောင်းရင်းကို တိတိကျကျမသိကြောင်းနဲ့ လက်ရှိအချိန်မှာ စစ်ဆေးတာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့အစိုးရလက်ထက်က နိုင်ငံရေးတက်ကြွသူတွေကို အခုလိုထင်ကြေးနဲ့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမေးတာတွေပြုလုပ်ပြီး နိုင်ငံရေးတက်ကြွသူတွေကိုမတွေ့ပါက နေအိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီး ငွေနဲ့ရွေးခိုင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ဖို့ ဒေသခံတွေ အကြောက်တရားဖြစ်စေနိုင်မဲ့ ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက ကော်လင်းမြို့ပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အသက် ၁၆ နှစ်အရွယ် ကိုရင်သာမဏေတစ်ပါး ပျံလွန်တော်မူသလို ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အဆောက်အဦအချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်