စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြိုပေါ်မှာ အန်အယ်လ်ဒီပါတီနဲ့ သက်ဆိုင်သူတွေရဲ့နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်း ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ရှာဖွေ ဖျက်ဆီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီလိုရှာဖွေရာမှာ ဒေသခံတွေကို ရိုက်နှက်စစ်ဆေးတာ၊ သေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့သလို ကျောင်းဆရာလင်မယားကိုလည်းဖမ်းသွားပြီး ကျောင်းဆရာကို သေနတ်ဒင်နဲ့ထုခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ကျွန်းလှဒေသခံတစ်ဦးက “ ကျနော်တို့ ကျွန်းလှ အန်အယ်လ်ဒီအမတ်အိမ်ရယ်၊ သူ့အစ်ကိုအိမ် နှစ်လုံးရယ် စုစုပေါင်း သုံးလုံးကို ရှာဖွေတယ်။ အမတ်အိမ်က ပရိဘောဂတွေနဲ့ စာရွတ်စာတမ်းတွေအကုန်လမ်းအပြင်ထုတ်မီးရှို့တယ်။ အမတ်အစ်ကိုအိမ်က အိမ်ဆေးဆိုင်ဆိုတော့ အကုန်အတွင်းပစ္စည်းအကုန် လမ်းဘက်ထုတ် မီးရှို့တယ်။ ကျန်တဲ့ အန်အယ်လ်ဒီ ထောက်ခံတဲ့ တခြားနေအိမ်နှစ်လုံးရယ်၊ လက်ဖက်ရည်ဆိုင်နဲ့ ဆိုင်ခန်း ၃ ခန်းကိုတော့ အကုန်လုံး မီးတင်ရှို့တယ်။ အကုန်လုံး ပြာကျသွားတယ်”လို့ ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
အခုလို မီးရှို့ဖျက်ဆီးတဲ့ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ဖို့ ကျွန်းလှမြို့နယ်မီးသတ်ကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် စစ်ကောင်စီက လုပ်ဆောင်တဲ့အရာတွေကို ဖြေဆိုဖို့ရာ သူတို့မှာတာဝန်မရှိဘူးလို ဖြေကြားသွားပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ဖို့ အခုလို ကျေးရွာတွေကို ဝင်ရောက်စီးနင်း ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တာတွေပြုလုပ်နေတာကြောင့် တိုင်းအတွင်းမှာ ဒေသခံမီးဘေးသင့်ပြည်သူတွေ ထောင်နဲ့ချီရှိနေပြီလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။