မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်မနက်ပိုင်းက မြို့နယ် အခွန်ရုံးနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ပွင့်ဖြူ PDF တပ်ဖွဲ့နဲ့ ဒေသခံတွေထံက သိရပါတယ်။
ပွင့်ဖြူမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို မနေ့ မနက် ၅ နာရီလောက်မှာ ပွင့်ဖြူPDF က ဗုံးတစ်လုံးဖောက်ခွဲခဲ့ရာ အခွန်ရုံး အဆောက်ဦးနဲ့ ဆိုင်ကယ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပွင့်ဖြူPDF ခေါင်းဆောင်က ပြောပါတယ်။
အဲဒီ အခွန်ရုံးဟာ စစ်ကောင်စီကို စစ်သုံးစရိတ်တွေ ရရှိအောင် အခွန်ငွေ ရှာဖွေပေးနေတဲ့ ဌာနဖြစ်သလို Non CDM ၀န်ထမ်းတွေလည်းရှိနေတာကြောင့် သတိပေးဖောက်ခွဲတာဖြစ်ပြီးတော့ ပြည်သူတွေနဲ့ ထိခိုက်မှုမရှိအောင် လူရှင်းတဲ့ အချိန်မှာ ဖောက်ခွဲ့ခဲ့တာလို့ ဆိုပါတယ်။
အခွန်ရုံးနားက မြို့ခံပြည်သူတစ်ယောက်ကလည်း “ပွင့်ဖြူမြို့က အခွန်ရုံးမှာ မနေ့က မနက်ပိုင်းက ဗုံးကွဲသံ အကျယ်ကြီးပဲ ကြားလိုက်ရတယ်ဗျ။ ကျနော်တို့လည်း လူရှင်းတဲ့အချိန်မှာချောင်းကြည့်တော့ အခွန်ရုံးတံခါး၊ အရှေ့အမိုးတွေနဲ့ ဆိုင်ကယ်တချို့ ပျက်စီးသွားတာတွေ့ရတယ်” လို့ ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်ကောင်စီတပ်သားတွေ ရဲတွေနဲ့ စကုဘက်က ပျူစောထီးအဖွဲ့တွေပါရောက်လာပြီးတော့ ခရီးသွားပြည်သူတွေရဲ့ ကားတွေ ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ပနွယ်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်ကိုရဲ့အိမ်ကိုလည်း ဒီကနေ့ မနက် ၆ နာရီလောက်မှာပွင့်ဖြူPDF က ဗုံးတစ်လုံး ခွဲပြီး သတိပေးခဲ့ သေးတယ်လို့ ပွင့်ဖြူPDF ပြောပါတယ်။
အဲဒီစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသတင်းပေး ဒလန်လုပ်ကိုင်ပြီးတော့ ပြည်သူတွေကို နည်းမျိုးစုံးနဲ့ ဒုက္ခပေးနေသလို့ သူသတင်းပေးတာကြောင့် လက်ပနွယ်ရွာက လူငယ် ၅ ယောက်လည်း ဖမ်းဆီးခံ ခဲ့ရတာမို့ ဗုံးခွဲ သတိပေးလိုက်တာလို့ ဆိုပါတယ်။
ပွင့်ဖြူ PDF အနေနဲ့ ယခုနှစ်သစ်မှာ တော်လှန်ရေးအရှိန်ဟုန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေနဲ့ အဆောက်ဦးတွေကို သွားလာတာတွေမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
အဲဒီဗုံးကွဲတဲ့ ဖြစ်စဥ်တွေကို အသေးစိတ်သိရဖို့ ပွင့်ဖြူမြို့နယ် အခွန်ရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေးမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
အဲဒီ ဖြစ်စဥ်ဖြစ်ပြီးတော့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် ကား၄စီးနဲ့ရောက်လာပြီးတော့ မြို့နယ်ထွေအုပ်ရုံးသို့ သွားရောက်ခဲ့ကာ ပွင့်ဖြူတစ်မြို့နယ်လုံးကို စစ်ကောင်စီတပ်တွေဖြန့်ပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။