နှစ်သစ်ကူးကာလ ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို ဧည့်သည်လာရောက်မှုများတာကြောင့် ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ပုသိမ်-ရန်ကုန် ကားလမ်း ပိတ်နေတယ်လို့ သိရပါတယ်။
ကမ်းခြေဒေသကို အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေကြောင့် ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်ကားလမ်းမပိုင်းနဲ့ ပုသိမ်စစ်ဆေးရေးဂိတ်တွေမှာ ကားလမ်းအများဆုံးပိတ်နေတာလို့ ဒေသခံ တွေက ပြောပါတယ်။
“မိသားစုလိုက်လာတာများတယ်။ အိမ်စီးကားတွေများတာကို လေအိတ်ကားကြီးတွေတော့ နည်းတယ်။ ၁၅ စီးနဲ့ ၂၀ ကြားလောက်ပဲရှိတယ်။ လမ်းကကျဉ်းတာနဲ့ လုကျော်တာတွေကြောင့် လမ်းပိတ်တာ သတိထားမောင်းနေရတယ်” လို့ ကုန်ကားမောင်းသူ တဦးက ပြောပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းတွေကို သွားရောက်လည်ပတ်ဖို့အတွက် မနက် ၄ နာရီစစ်ဆေးရေးဂိတ်တွေ ဖွင့်မယ့် အချိန်ကို တန်းစီးပြီးလာစောင့်နေတာမျိုးတွေကြောင့်လည်း မလိုအပ်ဘဲ ကားလမ်းပိတ်သွားတာလို့ ဆိုပါတယ်။
ချောင်းသာနဲ့ ငွေဆောင်တွေမှာ ဒီဇင်ဘာလ ဒုတိယပတ်လောက်ထိ ခရီးသွားဝင်ရောက်မှုမရှိသလောက် နည်းပါးခဲ့ပေမဲ့ ခရစ်စမတ်နောက်ပိုင်း ပြန်လည် များပြားလာတာဖြစ်တယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။