ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ချောင်းသာ နဲ့ ငွေဆောင်ကမ်းခြေကို ရက်ရှည်ရုံးပိတ်ရက်တွေကလွဲလို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု မရှိသလောက် ဖြစ်နေတဲ့အတွက် ကမ်းခြေအခြေပြု စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်နေပြီး အခက်အခဲကြုံနေကြတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းကိုရုံး ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေနဲ့ ရက်ရှည် အခါကြီးရက်ကြီး ရုံးပိတ်ရက်တွေမှာ ခရီးသွားဧည့်သည်ဝင်ရောက်မှု ရာဂဏန်းကနေ ထောင်ဂဏန်းခန့်အထိ လာရောက်လည်ပတ်အပန်းဖြေပေမဲ့ အခြားရက်တွေမှာ ခရီးသွားဝင်ရောက်မှုက မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီ ခရီးသွားဧည့်သည်တွေ လာရောက်မှုမရှိတဲ့အတွက် ကမ်းခြေက ဟိုတယ်လုပ်ငန်းတွေနဲ့ ကမ်းခြေအခြေပြုအခြား စီးပွားရေးလုပ်ငန်းတွေမှာ လျှပ်စစ်မီတာခ၊ စက်သုံးဆီဖိုး၊ ဝန်ထမ်းလစာ၊ အခြားအခွန်အခတွေ အပါအဝင် အထွေထွေ ကုန်ကျစရိတ်တွေနဲ့ အကျိုးအမြတ်ကို နှိုင်းယှဉ်တွက်ချက်ရင် လုပ်ငန်းတွေ အရှုံးပေါ်နေတယ်လို့ ငွေဆောင်ကမ်းခြေရှိ ဟိုတယ်စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ခရီးသည်တွေက စနေနေ့နဲ့ တနင်္ဂနွေလောက်ပဲ ကမ်းခြေမှာ တွေ့ရတယ်။ အခြားကျန်တဲ့ ရက်ကတော့ မရှိသလောက် ဖြစ်နေတယ်။ အဲဒီနေ့နှစ်ရက်တောင် လူဦးရေက ၅၀ ကျော်ပဲရှိတယ်။ ဧည့်သည်ကို စောင့်ကြည့်လုပ်ရတဲ့ လုပ်ငန်းမှာ ခရီးသွားဧည့်သည်မလာတော့ အဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်နေတာ။ ကုန်ကျစရိတ်တွေက အရင်ကထက် အဆပေါင်းများစွာ ပိုကုန်ကျနေတာ။ အကျိုးအမြတ်က တနေ့တခြားမရှိဘူး ဖြစ်လာတယ်။ အရင်က ကုန်ဈေးနှုန်းတက်လို့ ရေမြင့် ကြာမြင့်လို့ရတယ်။ ပြည်သူတွေကလည်း ချောင်လည် အဆင်ပြေတယ်လေ။ အခုက ခရီးသွားတွေလည်း ကျပ်တည်းနေတာ။ မဖြစ်မနေ ဧည့်သည်လောက်ပဲ လာတော့တာ။ အစ်ကိုတို့လည်း တောင့်ခံလုပ်ကိုင်နေတာ။ အဲဒီတော့ လုပ်ငန်းတွေ ရှေ့ဆက်ဖို့ ကျပ်တည်းလာတယ်။”
ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေကို အရင် NLD အရပ်သားအစိုးရလက်ထက်က အခုလို ပွင့်လင်းရာသီမှာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ နေ့စဉ် ထောင်ချီလာရောက်လည်ပတ် အပန်းဖြေခဲ့ကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ခရီးသွားဧည့် သိသိသာသာ ဝင်ရောက်မှု ကျဆင်းကာ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့နည်းတူ ကမ်းခြေအခြေပြု တခြား အလုပ်အကိုင်တွေလည်း အခက်အခဲဖြစ်နေပေါ်တယ်လို့ သိရပါတယ်။
“ကမ်းခြေကို ဧည့်သည်တွေမလာတော့ နေ့စဉ် ရောင်းနေတဲ့ ပင်လယ်စာ အရောင်းလုပ်ငန်းက ငုတ်တုတ်မေ့နေတယ်။ ဒီအခြေအနေတိုင်းသာ ရှေ့ဆက်သွားရင် ထမင်းငတ်ဖို့သာရှိတော့တယ်။ အရင်က တရက်ကို ၅ သိန်းဖိုးကနေ ၁၅ သိန်းဖိုးအထိ ရောင်းရတယ်၊ အခုတော့ တရက်ကို ၁ သိန်း၊ ၂ သိန်းဖိုးတောင် မနည်းရောင်းနေရတယ်” လို့ ချောင်းသာကမ်းခြေ စားသောက်ဆိုင် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာကမ်းခြေဟာ အရင်က ပြည်တွင်း ပြည်ပ ခရီးသွားပြည်သွားတွေ အများဆုံးလာရောက်လည်ပတ်တဲ့ ကမ်းခြေတွေဖြစ်ပြီး ကမ်းခြေခရီးသွားတွေကို အားကိုးလုပ်ကိုင်နေရတဲ့ ဟိုတယ်အလုံး ၇၀ ကျော်နဲ့ တည်းခိုခန်း အလုံးရေ ၁၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကမ်းခြေအခြေပြု ရေယာဉ်လုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ မြင်းငှားလုပ်ငန်း၊ မော်တော်ဘုတ် အငှားလိုက်လုပ်ငန်း၊ လုံခြုံရေး အကူလုပ်ငန်း၊ ပင်လယ်စာ တနိုင်တပိုင်ရောင်းတဲ့ လုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း စတဲ့ ကမ်းခြေကို အမှီပြုနေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။