အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေး ကြေညာတာကို ထောက်ခံမှာ မဟုတ်ဘူးလို့ သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်မှာ တရုတ်ပြည်မကြီးက မလိုလားတဲ့ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ရဲ့ သမ္မတလောင်း လိုင်ချင်းတယ် (ခ) ဝီလျံလိုင် ရွေးကောက်ပွဲနိုင်ပြီးနောက်မှာ အမေရိကန်ရဲ့ သဘောထားကို ဘိုင်ဒင်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရဆိုတာ ပြည်မကြီးကို အုပ်ချုပ်နိုင်တဲ့ ကွန်မြူနစ်ပါတီ အစိုးရသာ ဖြစ်တယ်ဆိုတာကို အမေရိကန်က ၁၉၇၉ မှာ လက်ခံပေးခဲ့ပြီး ထိုင်ဝမ်က သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာမှာကို မထောက်ခံဘူးလို့ အရင်ကတည်းက ကြေညာထားခဲ့တာပါ။
ဒါပေမဲ့ တဖက်မှာလည်း ထိုင်ဝမ်နဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို ခိုင်ခိုင်မာမာ ထူထောင်ထားပါတယ်။ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံရဲ့ အဓိက ကျောထောက်နောက်ခံ လက်နက်ပံ့ပိုးသူအဖြစ် ဆက်ရှိနေပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ကိုသာ တရုတ်က တိုက်ခိုက်လာရင် အမေရိကန်က ခုခံပေးမယ်လို့ ဘိုင်ဒင်က ပြောခဲ့ဖူးပါတယ်။
တရုတ်ကလည်း ထိုင်ဝမ်ကို အင်အားသုံး ပြန်မသိမ်းဘူးလို့ အာမ မခံထားပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတယ်ကလည်း တရုတ်ကို ဆွပေးတဲ့ လွတ်လပ်ရေး ကြေညာတာမျိုး လုပ်ဖို့မရှိဘူးလို့ အသိပေးထားပြီး ဖြစ်ပါတယ်။
ဒီအချိန်မှာ အမေရိကန်ကလည်း ဒါမျိုးလက်မခံဘူးလို့ အတည်ပြုလိုက်ခြင်းအားဖြင့် အားလုံး ပိုနေမြဲ ကျားနေမြဲ ဆက်သွားမယ့် အခြေအနေကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
လိုင်ချင်းတယ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး နောက်တရက်အကြာ ဇန်နဝါရီ ၁၄ ရက်မှာ တရုတ်စစ်တပ်က ဒုံးကျည်တင်ဆောင်ပစ်ခတ်နိုင်တဲ့ စက်လှေတွေနဲ့ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းတဝိုက်မှာ တာဝန်ရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က သူ့ရဲ့ WeChat အကောင့်မှာ ဒုံးကျည်တင် စက်လှေတွေ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။
ဒါပေမဲ့ ပို့စ်တွေထဲမှာ ထိုင်ဝမ်ရွေးကောက်ပွဲကို တိုက်ရိုက်ဖော်ပြတာနဲ့ လေ့ကျင့်နေတဲ့ တည်နေရာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
တရုတ်နဲ့ ထိုင်ဝမ်ရေတပ်တို့အကြား ၁၉၆၅ ခုနှစ် ဩဂုတ်လ ရေတပ်တိုက်ပွဲတုန်းက တရုတ်က အောင်ပွဲခံခဲ့ဖူးပါတယ်။
Source/Photo-Reuters