ဧရာဝတီတိုင်း၊ ငွေဆောင်မြို့မှာ မေလ ၅ ရက်နေ့က ပုသိမ်- ငွေဆောင် ကားလမ်းမဘေးက ဆင်အလှပြစခန်းက အသက် ၉ နှစ်အရွယ်ကလေးတဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆင်နင်းခံရပြီး သေဆုံးခဲ့တဲ့ အသက် ၉ နှစ်အရွယ် မောင်ဂျိမ်းမှာ သဇင်ကျေးရွာအုပ်စု ရေသိုးကျေးရွာမှာရှိတဲ့ အလှပြဆင်စခန်းက ဆင်ဦးစီး ဦးဖားရဲ့ သားဖြစ်သူလို့ ဒေသခံတွေက ပြောပါတယ်။
“၉ နှစ်ဆိုပေမယ့် ယောကျ်ားလေးဆိုတော့ မနည်းထွားတယ်၊ လူက ဆင်တွေနဲ့လည်း ရင်းနှီးတယ်။ ဒါပေမယ့် ခုနင်းတာက အလှပြဆင်စခန်းက မဟုတ်ဘူး၊ တောထဲက ဆင်ရိုင်းက နင်းသွားတာ ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
တောဆင်ရိုင်းနင်းလို့ သေဆုံးခဲ့တဲ့ မောင်ဂျိမ်းဟာ အလှပြဆင်စခန်းက ဆင်တွေကို ရေချိုးပေးပြီး ချောင်းကို ရေခပ်သွားချိန်မှာ တောဆင်ရိုင်းအုပ်နဲ့ တွေ့ပြီး နင်းသတ်တာ ခံခဲ့ရတာလို့ ဆိုပါတယ်။
အသက် ၉ နှစ်အရွယ် မောင်ဂျိမ်း ဆင်နင်းခံခဲ့ရတဲ့ ရေသိုးကျေးရွာပတ်ဝန်းကျင်ကတောထဲကို မကြာခဏ ဆိုသလို တောဆင်ရိုင်းတွေ လာရောက်အစာရှာလေ့ရှိတယ်လို့ သိရပါတယ်။