ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်ခန့်အကွာ လေးကော့ကော်မြို့သစ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ကား၊ ဆိုင်ကယ်နဲ့ ပစ္စည်းတွေ ခိုးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ ဒီဇင်ဘာ ၁၅ ရက်ကစပြီး နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်နေတာကြောင့် ကျေးရွာ ၉ ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တံခါးတွေ ရိုက်ဖျက်ပြီး ကား၊ ဆိုင်ကယ် နဲ့ အိမ်တွင်းပစ္စည်းတွေကို စစ်ကောင်စီတပ်က တပ်ရင်းမှူးကိုယ်တိုင်ဦးဆောင်ပြီး ခိုးယူနေတာလို့ စစ်ရှောင်တဦးက ပြောပါတယ်။
“ညညဆို ဆိုင်ကယ်တွေ၊ ကားတွေကို တပ်ရင်းမှူးကိုယ်တိုင်က ခိုးတာ၊ နောက်ပြီး ကားနဲ့တင်သွားကြတယ်။ အခုရွာမှာ ဆိုင်ကယ်ကောင်းကောင်း၊ ကားကောင်းကောင်း မရှိတော့ဘူး အကုန်ခိုးသွားကြတာ။”
မဲ့ထော်သလေးရွာက ရပ်ကွက်လူကြီး အိမ်ခြံဝင်းထဲက ကားနဲ့ ဆိုင်ကယ်၊ ရာအိမ်မှူးအိမ်က ကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးအပါအဝင် ကျေးရွာအတော်များများက ကားနဲ့ဆိုင်ကယ် အစီးရေ ရာနဲ့ချီ ခိုးယူသွားကြတာလို့ ဆိုပါတယ်။
လေးကေ့ကော်တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၁၄,၀၀၀ လောက် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းဘက်ခြမ်းတို့မှာ တိမ်းရှောင်နေကြရပြီး ပရဟိတအဖွဲ့တွေ၊ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမား အလှူရှင်တွေနဲ့ ထိုင်းတာဝန်ရှိသူတွေ အစားအစာနဲ့ အဝတ်အထည်တွေ ကူညီပေးနေတယ်လို့ သိရပါတယ်။