စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မြောင်မြို့နယ်တို့မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၃၀ ရက် မနက် ၇ နာရီအချိန်လောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦး PDF က သတင်းထုတ်ပြန်ထားပါတယ်။
ချောင်းဦးမြို့ အနောက်ဘက်ကျေးရွာတွေကို နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီ ခြေလျင်တပ်နဲ့ ဖောကားတစ်စီး၊ ပွိုင်ကားတစ်စီးတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ချောင်ဦးမြို့ပြည်သူ့ကာကွယ်ရေးခေါင်ဆောင်က ပြောပါတယ်။
*ပထမအကြိမ် မိုးဆွဲတာကတော့ စကစ ၅ ဦးနေရာတင်သေဆုံးတယ်၊ ၂၀ လောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်။ အဲလိုမိုင်ဆွဲပြီး ဒီကောင်တွေအထိခိုက်အကျဆုံးတွေကို သူတို့နောက်က ပါလာတဲ့ FORLAND ကားပေါ်ကိုပြန်တင်ပြီး ပြန်ဆုတ်တယ်။ သူ တို့နောက်ချန်ကင်းတပ်သား ၇ ယောက်ထား ပြီး တပ်ပြန်ဆုတ်တယ်။ ကျနော်တို့ ထပ်မံမိုင်းဆွဲတိုက်ခိုက်တယ်။ ၄ ယောက်သေဆုံးပြီး ကျန် ၃ ယောက်လည်း ဒဏ်ရာရသွားတယ်။”
ချောင်ဦးမြို့နယ်ဒေသခံ ရွာသားတွေကတော့ စစ်ကောင်စီတပ်ဟာ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ကျေးရွာတွေအတွင်း ဝင်ရောက်ရှာဖွေကာ နေအိမ်တွေ မီးရှို့ ဖျက်ဆီးခံရမှာ စိုးရိမ်နေကြပါတယ်။
မြောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ ရွှေတချောင်းကျေးရွာအကြားမှာလည်း ဒီဇင်ဘာ ၃၀ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်က အင်အား ၂၅ ယောက်လောက် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) တာဝန်ခံက “ကျနော်တို့အဖွဲ့လုပ်ဆောင်ခဲ့တာ မှန်ပါတယ်ေ မြေပြင်သတင်းတွေအရလည်း အနည်းဆုံး စစ်– ၃ ဦးသေပြီး အကျိုးအပြတ်တွေ ပါသေးတယ်လို့ သိထားရပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေ အထိအခိုက်မရှိစေဖို့ အထူးဂရုပြုဆောင်ရွက်နေကြရပြီး ပြည်သူတွေအနေနဲလည်း စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို သတိကြီးကြီးထားပြီး ဂရုတစိုက်ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကျောက်တန်းကျေးရွာနဲ့ ရွှေတချောင်းကျေးရွာတွေက ဒေသခံပြည်သူတချို့လည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်နဲ့ မြောင်မြို့နယ်တို့မှာ စစ်ကြောင်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။