အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ၂ မှု အတွက် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
အခု ရုံးချိန်းမှာတော့ စစ်ကောင်စီက တင်သွင်းထားတဲ့ တရားလိုပြ သက်သေ ၁ ဦးကို ကျိုက်မရောဗဟို အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကာလအတွင်း ရောဂါပိုး ကူးစက်ခံခဲ့ရပေမယ့် ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက တာဝန်ယူစဉ် ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။
အဲဒီအဂတိမှု ၉ မှုလုံးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စစ်ကောင်စီ တရားရုံးက စွဲချက်တင် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အဂတိအမှု ၉ မှုအပြင် ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး အမှု ၃ မှု အပါအဝင် အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။