ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်စော ၃ နာရီဝန်းကျင်က နယ်ထိန်းရာထူးရှိတဲ့ ရဲ ၁ ဦးဟာ တရားမဝင်လောင်းကစားလိုင်းကြေးသွားတောင်းစဉ် ဓားနဲ့အထိုးခံလိုက်ရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “နယ်ထိန်း ကိုဝင်းက သူ့အပိုင် အမှတ် ၅ ရပ်ကွက်ထဲက ဘိလိယက်ခုံနဲ့တွဲထားတဲ့ လောင်းကစားဒိုင်ဆီကို လိုင်းကြေးလာတောင်းတဲ့အချိန် လည်ပင်းကို ဓားနဲ့အထိုးခံရတာ မသေဘူးလို့တော့ သိရပါတယ်” လို့ ပြောပါတယ်။
နယ်ထိန်းဖြစ်သူ ကိုဝင်းဟာ ဓားထိုးခံရတဲ့အတွက် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဇီးကုန်းမြို့နယ်၊ မြို့မရဲစခန်း တာဝန်ကျရဲတဦးက “သူက အမှတ် ၅ ရပ်ကွက်နယ်ထိန်း ဟုတ်ပါတယ်။ လိုင်းကြေးတောင်းရင်းဖြစ်တာလားဆိုတာတော့ မပြောတတ်ဘူး။ သူ့မေးကြည့်လေဗျာ။ လည်ပင်းနဲ့ လက်တွေမှာတော့ ဓားဒဏ်ရာရထားတယ်။ အမှုဖွင့်မဖွင့်ဆိုတာကလည်း သူ့သဘောပဲ” လို့ ပြောပါတယ်။
ဓားထိုးခံရပြီး အချိန်အနည်းငယ်အကြာမှာ အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်လာပြီး သေနတ်တွေ ပစ်ဖောက်သွားတယ်လို့ ဒေသခံတွေဆီကသိရပြီး ဓားနဲ့ထိုးသူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။