မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ပြည်သာယာရပ်ကွက်ရှိ အလက ၁၅၁ ကျောင်းမှာ ဇန်နဝါရီ ၁၈ ရက် မနက် ၁၀ နာရီခွဲလောက်က ကျောင်းသားတဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၁၉ နှစ်အရွယ်ရှိ ၉ တန်းကျောင်းသား မောင်ရာဇာထွန်း ဖြစ်ပြီး အ.လ.က ၁၅၁ ကျောင်းစုံညီပွဲတော်ကို လာရောက်လည်ပတ်ရာက ရန်ဖြစ်ကြကာ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြည်သာယာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “အသင်းကို ကလေးတယောက် ဒဏ်ရာရှိထားတယ်၊ သွေးတွေထွက်နေတယ်ဆိုပြီး ဖုန်းဆက်ပြောတာပါ။ ဖြစ်တာက အလယ်တန်းကျောင်း။ သေတဲ့ကလေးက ၉ တန်း။ ၁၅၁ မှာ စုံညီပွဲရှိလို့ လာကြည့်ရင်း ဖြစ်ကြတာ။ ဝမ်းဗိုက်နဲ့ လည်ပင်းမှာ ဒဏ်ရာတွေ ရထားပါတယ်။ သူတယောက်ပဲ ဒဏ်ရာရထားတာပါ” လို့ ပြောပါတယ်။
ထိုးသွင်းဒဏ်ရာတွေ ရရှိထားတဲ့ ကျောင်းသားကို ပြည်သာယာအသင်းကားနဲ့ မိတ္ထီလာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမဲ့ သေဆုံးသွားပြီး စုံညီပွဲတော်နေရာကို မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ပြည်သာယာလူငယ် ကယ်ဆယ်ရေးအသင်း