မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်က PDF-ဂန့်ဂေါက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက်နဲ့ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါဆီက သိရပါတယ်။
ဂန့်ဂေါမြို့ကနေ ကလေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မနေ့ မနက်ပိုင်းက PDF-ဂန့်ဂေါ တပ်ခွဲ(၂၁)က ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာလို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် တောင်ခရန်းကနေ ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့်ထွက်လာတဲ့ ရဲတွေကို မနေ့ နေ့လယ်ပိုင်းမှာ PDF-ဂန့်ဂေါ တပ်ခွဲ(၂၅)က စွန်ရဲအဖွဲ့က ချောင်းမြောင်းပြီးတော့ မိုင်းဆွဲတိုက်ခိုက်ရာ ဆိုင်ကယ် ၂ စီးမိုင်းထိပြီးတော့ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာလည်း စစ်ကောင်စီယာဥ်တန်းကို PDFဂန့်ဂေါ တပ်ရင်း(၁)နဲ့ တပ်ခွဲ(၁၇)တို့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစလို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် အသွားလာဆင်ခြင်ကြဖို့နဲ့ အန္တရာယ်ကင်းစွာနေထိုင်ကြဖို့ သတိပေးထားပါတယ်။