ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့(PSDF) တို့ ညီနောင်မဟာမိတ်အဖြစ်လက်တွဲပြီး စစ်အာဏာရှင်တော်လှန်သွားမယ်လို့ ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မဟာမိတ်ချိတ်ဆက်ကာ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ရေးဆိုင်ရာ အကြံဉာဏ်ပေးတာတွေ၊ နည်းပညာဖလှယ်တာတွေနဲ့ လက်နက်ကို ကိုယ်တိုင် ထုတ်လုပ်သွားနိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လက်နက်ထုတ်လုပ်ရေးအပိုင်းတွေမှာ ဖောက်ခွဲစမ်းသပ်မှုတွေ အောင်အောင်မြင်မြင် လုပ်ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။
တိုက်ခိုက်ရေးအတွေ့ကြုံရှိတဲ့ အရာရှိစစ်သည်အများအပြားပါဝင်ပြီး တပ်ဖွဲ့ဝင်အင်အားလည်း ထပ်ပြီးတိုးလာဖို့ရှိသလို တစ်ယောက်စီတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်မယ့် အစီအမံတွေလည်း ရေးဆွဲနေတယ်လို့ ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့ (PSDF) ကို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်လာတဲ့ တပ်မတော်အရာရှိ စစ်သည်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။