ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာက ဒေသခံပြည်သူတွေ ညအိပ်ခရီးမသွားဖို့ စစ်ကောင်စီတပ်သားတွေက တားမြစ်ထားတယ်လို့ သိရပါတယ်။
ကျွန်းကြီးကုန်းကျေးရွာအုပ်စုရှိ ကျောက်ဖြာကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ဒုတိယပတ်လောက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ခုလို ညအိပ်ခရီးမထွက်ဖို့ တားမြစ်ခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။
“လူငယ်တစ်ယောက်ကို အရင် ဝင်ဖမ်းတာ အင်အားအများကြီးနဲ့ ရွာထဲဝင်ဖမ်းတာ အဲ့လိုဖြစ်ပြီး တပတ်လောက်ကြာမှအုပ်ချုပ်ရေးမှူးက လိုက်ပြောတာ ညအိပ်ခရီးမသွားဖို့၊ မဖြစ်မနေသွားမယ်ဆို ခွင့်ပြုချက် ယူပြီးသွားရမယ်ဆိုပြီးတော့ လိုက်အော်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံပြည်သူတွေ ညအိပ်ခရီးမသွားဖို့ တားမြစ်တာတွေလိုက်အော်ပြီး နောက်တစ်နေ့ ကျေးရွာဝင်လမ်းမှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝတ်တာ၊ စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လူငယ်တဦးက ဖမ်းဆီးပြီး ညအိပ်ခရီးမသွားဖို့ တားမြစ်ထားတဲ့ ကျောက်ဖြာကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်ရှိပြီး လက်ရှိအချိန်မှာ စားဝတ်နေရေး အခက်ကြုံနေတယ်လို့ သိရပါတယ်။