ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ထဲမှာ ဒီဇင်ဘာ ၂၇ တညတည်းမှာ ဓားပြတိုက်မှု၊ ဆိုင်ကယ်ခိုးမှု နဲ့ အကြောင်းမဲ့ သေနတ်ပစ်ဖောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ရွှေညောင်ပင်လမ်းထဲက အိမ်တစ်အိမ်မှာ မနေ့ည ၇ နာရီကျော်လောက်က လူ ၄ ယောက် ဝင်ရောက်လာပြီး ဓားပြတိုက်သွားတာလို့ မူဆယ်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ည ၇ နာရီလောက်က ငွေလဲလုပ်ငန်းလုပ်တဲ့ မအားလီတို့အိမ်ထဲကို လူ ၄ ယောက်ဝင်လာတယ်။ ပထမတော့ သူတို့က ငွေလဲချင်သလိုလိုနဲ့ ပြီးမှ သေနတ်နဲ့ ခြိမ်းခြောက်ပြီး မီးခံသေတ္တာကိုပါ မသွားတာတဲ့။ ပိုက်ဆံဘယ်လောက်ပါသွားလဲတော့ မသိဘူး၊ တော်တော်တော့များမှာပေါ့။ လူကိုတော့ ဘာမှမလုပ်ဘူးလို့ ပြောတယ်။ ဓားပြတိုက်ခံရပြီး ရဲတွေ ဘာတွေ လာစစ်တာလည်း မတွေ့ဘူး၊ အိမ်ရှင်က မတိုင်ရဲတာလား မသိဘူး။”
ဒါ့အပြင် မူဆယ်မြို့လယ် ဟိုမွန်ရပ်ကွက် အ.ထ.က ၂ ကျောင်းအနီးမှာလည်း မနေ့ည ၁၁ နာရီလောက်က သေနတ်သံ ၃ ချက်ကြားပြီး သန်းခေါင်ကျော်မှာလည်း နောက်ထပ် ၂ ချက် ပြန်ကြားရကြောင်း၊ ဆေးကြောင်သူတွေက အကြောင်းမဲ့ပစ်ခတ်နေတာလို့ မြို့ခံတွေ ယူဆပြီး ရဲတွေဘာတွေ လာစစ်ဆေးသံလည်းမကြားရဘူးလို့ မူဆယ်မြို့သားတယောက်က ပြောပါတယ်။
အဆိုပါရပ်ကွက် ကံ့ကော်လမ်းခွဲအနီးရှိ နေအိမ်တစ်အိမ်မှာလည်း အိမ်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စီး အခိုးခံရတာကို အိမ်ရှင်တွေက ဒီမနက်မှ သိလိုက်ရတယ်လို့ ဆိုပါတယ်။
မူဆယ်မြို့မှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်း တွေ အဆင်မပြေဖြစ်ကာ အလုပ်လက်မဲ့များလာပြီး ခိုးဝှက်မှု၊ လုယက်မှု၊ ဓားပြမှုတွေလည်း များလာကြောင်း၊ သက်ဆိုင်ရာက နှိမ်နင်းဖမ်းဆီးအရေးယူတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့စစ်တွေ ရှိနေပေမယ့် ဆက်ကြေးနဲ့ အခွန်သာ ပေးဆောင်နေရတာကြောင့် ပြည်သူ့အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဘယ်အဖွဲ့ကို အားကိုးရမှန်း မသိဘူးလို့ မူဆယ်ဒေသခံတစ်ဦးက ပြောသွားပါတယ်။